ရေဦး ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ကိုယ်လုံပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မေသက်လွင်စိမ်းက ကိုယ်လုံပညာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ရေဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာ၀န်ရှိသူများက သင်တန်းနည်းပြနှင့် သင်တန်းသားများအား အမှတ်တရပစ္စည်းနှင့် သင်တန်း၀တ်စုံများ အသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဆွေ၀င်းက ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်၀မ်းမြောက်စကားများ ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၀) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သန်းသန်း