အ‌ခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)၌ လူငယ်စကားဝိုင်းကျင်းပ

ပေါင်းတည် သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး လူငယ်စကားဝိုင်းကို စတင်ရာ Grade-11 မှ မောင်ရှင်းသန့်မောင်က လူငယ်နှင့် ရည်မှန်းချက်ပန်းတိုင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ မောင်ရှိုင်းထက်ကိုက အထက်တန်းစိတ်ဓာတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မခင်အိန္ဒြာမင်းက လူငယ်‌တွေကို ယုံကြည်ပါခေါင်းစဉ်ဖြစ်လည်းကောင်း၊ Grade-11 မှ မထက်နန္ဒာထွန်းက လူငယ်နှင့် အပြောင်းအလဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသူ၊ ကျောင်းသားလူငယ်များက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း‌ဖြေကြားခဲ့ကြသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ကျောင်းအုပ်အုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်က ကျောင်းသား၊ ကျောင်းသူများအား နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာ‌စောင်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရွှေသား