၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော် ဩဂုတ် ၁၂

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် လူငယ်များ တက်ကြွစွာ ပူးပေါင်းပါဝင်လာနိုင်စေရန်နှင့် လူငယ်များ၏အရေးပါမှုကို အသိအမှတ်ပြု တန်ဖိုးထားသည့်အနေဖြင့် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “လူငယ်စွမ်းအားမှသည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့” ဆောင်ပုဒ်နှင့်အညီ လူငယ်များ၏စွမ်းအားမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာမူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဘက်စုံထူးချွန်သည့် လူတော်လူကောင်းများဖြစ်လာအောင် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ လူငယ်များအနေဖြင့် မိမိရပ်ရွာ၊ မိမိဒေသနှင့် နိုင်ငံတော်အတွက် အဖိုးတန်သည့် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ပေးပို့သည့်သဝဏ်လွှာအား လူမှုရေးရာဝန်ကြီးက ဖတ်ကြားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် အားကစားနှင့်ပညာရေးကဏ္ဍတွင် ထူးချွန်ဆုရရှိသောလူငယ်များအား ဆုများချီးမြှင့်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် တိုက်ကွမ်ဒိုအားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားနှစ်ဦးနှင့် ဗဟိုအဆင့်အခြေခံပညာ(မူလတန်းအဆင့်) အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် Grade-5 ကျောင်းသားတစ်ဦးတို့အား  ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် တိုက်ကွမ်ဒိုနှင့် ဂျူဒိုအားကစားနည်းတွင် ငွေတံဆိပ်ဆုရရှိသူများကို ပြည်နယ်တရားကြီးချုပ်၊ ဂျူဒိုနှင့် တိုက်ကွမ်ဒို အားကစားနည်းတွင် ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ရရှိသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုက်ကွမ်ဒိုအားကစားနည်းတွင် ကြေးတံဆိပ်ဆုရရှိသူများကို စီးပွားရေးရာဝန်ကြီး၊ ဂျူဒိုအားကစားနည်းတွင် ကြေးတံဆိပ်ဆုရရှိသူများကို သယံဇာတရေးရာဝန်ကြီးနှင့် ပြေးခုန်ပစ် မီတာ ၅၀၀၀ နှင့် မီတာ ၈၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသူများကို လူမှုရေးရာဝန်ကြီးတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆုရရှိကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများ၊ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)