အိမ်မဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် World Visoin (Einme)တို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအခမ်းအနား (ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်) အား မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က အာဟာရချို့ရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်ဆုလဲ့ရည်ဝင်းက အာဟာရအုပ်စုများအကြောင်း သရုပ်ပြပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ငါးနှစ်အောက်ကလေးများအား အင်အာပြည့်ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း၊ အသက်(၆)လမှ(၁)နှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် စံပြမိခင် ဆုပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ နှင့်မိခင်များ၊ ပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်