ငွေဆောင် သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှောက်ချောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၏ဘောလုံးကွင်း၌ ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ၊ အသင်းအုပ်ချုပ်သူ ဆရာ၊ ဆရာမများနှင့် အကအဖွဲ့များမှ ကွင်းအတွင်း နေရာယူခဲ့ကြသည်။ ထို့နောက် အခမ်းအနား စတင်ဖွင့်လှစ်ကြောင်းကြေညာပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ကျောင်းသား/သူများနှင့် အားကစား သမားများမှ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကာ နိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ အ.ထ.က( ခွဲ) ရှောက်ချောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သဥ္ဇာဦးမှ ကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းသားများနှင့် ကျောင်းသား/သူလေးများမှ ကျောင်းကောင်စီ သီချင်းအား သံပြိုင်သီဆိုခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်အား သံပြိုင်ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် အ.ထ.က(ခွဲ) ရှောက်ချောင်း ကျောင်းသား/သူလေးများမှ Physical Fitness Dance နှင့် ပန်းပွားအကတို့ဖြင့် ကပြဖျော်ဖြေခဲ့ပြီး ကျောင်းကောင်စီ ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအဖြစ် အလောင်းဘုရားအသင်းနှင့် ကျန်စစ်သားအသင်းတို့ စတင်ယှဥ်ပြိုင် ကစားခဲ့ကြရာ မြို့ဌာနဆိုင်ရာများနှင့်တက်ရောက်လာသူများမှ တစ်ခဲနက် ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အ.ထ.က( ခွဲ) ရှောက်ချောင်း စာသင်ကျောင်း၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ မိုးရာသီ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
R - 014( ငွေဆောင်)