သရက် ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သရက်မြို့တွင် ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ ရပ်ကွက်(၈)ရပ်ကွက်နှင့် အခြေခံပညာကျောင်းများ၊ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဦးဆောင်ကြီးကြပ်၍ ခရိုင်ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့က ခြင်ကြောင့်ဖြစ်ပွားနိုင်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်း၊ ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သောနေရာများအား ဆေးဖျန်းခြင်း၊ ရုံး/ဌာန၊ ဈေးများအပါအဝင် ခြင်များပေါက်ဖွားနိုင်သည့် နေရာများဖြစ်သော ရေမြောင်းများ၊ အမှိုက်ပုံများ၊ လမ်းဘေးဝဲယာရှိ ချုံနွယ်များအား ရှင်းလင်းဆောင်ရွက်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)