ပွင့်ဖြူမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့်ပူးပေါင်းပြီး ပွင့်ဖြူမြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရမည့်လုပ်ငန်းများ၊ တစ်ကိုယ်ရေကျန်းမားအောင် နေထိုင်ရမည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းအဖွဲ့က ကျောင်းသား/ကျောင်းသူများကို ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် သွားနှင့်ခံတွင်းရောဂါကျန်းမာရေးစစ်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကာ ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျောင်းတွင်းမုန့်ဈေးတန်းသို့သွားရောက်၍ စားသုံးရန်မသင့်သည့် အစားအစာများရောင်းချမှုမရှိစေရေး၊ ကျန်းမာရေးဆိုးကျိုးဖြစ်စေနိုင်သော အရောင်ဆိုးဆေးများပါဝင်သည့် အစားအစာများ ရောင်းချမှုမရှိစေရေးတို့အတွက် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)