မကွေး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကန်သာဈေးကြီးနှင့် ကန်သာရပ်(၁၄)လမ်းတို့တွင် ဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပိုးလောက်လန်း ပေါက်ပွားမှုမရှိစေရေး ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကိုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့က ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး၊ ပိုးလောက်လန်း ပေါက်ပွားမှုမှကာကွယ်နိုင်ရေးအတွက် ဈေးနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သောနေရာများ၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်၍ ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုနှင့် မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများ၊ ဈေးများနှင့် ရပ်ကွက်/ကျေးရွာများတွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းပေါက်ပွားမှုကာကွယ်နိုင်ရေး အဘိတ်ဆေးများခပ်ခြင်း၊ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြည်သူများ ပူးပေါင်းပါဝင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)