ငဖဲ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade- 6 ကျောင်းသား/သူ (၄၃)ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်ဖြစ်ပေါ်လာပုံ သိကောင်းစရာများ၊ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး သုတရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်း (တွဲဘက်)က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပြောကြားပြီး အထွေထွေဗဟုသုတဉာဏ်စမ်းမေးခွန်းမေးမြန်း၍ ဖြေဆိုနိုင်သူ ကျောင်းသား၊ ကျောင်းသူ(၄)ဦးကို လက်ဆောင်ပစ္စည်းများပေးအပ်ကာ ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော လစဉ်ထုတ်တေဇ၊ ရုပ်ပြ၊ ပုံပြင်၊ မဂ္ဂဇင်းစာအုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)