ရေနံချောင်းမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရေနံချောင်း ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် မြို့နယ်ပညာရေးမှူး ဦးအေးဝင်းတို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးသွားဆရာဝန် ဒေါက်တာ နိုင်ဝင်းသိန်းက သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်သူနာပြုဆရာကြီး ဦးဖုန်းနန္ဒာကျော်က ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေးဟောပြောသည်။ ယင်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့က ငလျင်ဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)