မြို့သစ် ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြား၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာဦးတင်မောင်ဝင်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသား ကျောင်းသူ (၂၃)ဦးက ရွှေသွေးဂျာနယ်၊ မိုးသောက်ပန်းဂျာနယ်၊ တေဇရုပ်စုံနှင့် ရုပ်ပြ စာအုပ်စာစောင်များကိုမဲနှိုက်၍ အလှည့်ကျ ဖတ်ရှုခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)