မြဝတီမြို့ရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေလှူဒါန်း

မြဝတီ သြဂုတ် ၁၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အခြေခံလူတန်းစား ပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်၌ ရှေးဟောင်းသမိုင်းဝင်ရွှေမြင်းဝန် စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်တွင် မြဝတီခရိုင် မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်းခွဲမှ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်များအား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်မော်အောင် ကြီးကြပ်၍ စည်ပင်သာယာရေးအဖွဲ့၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်တို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် မြဝတီမြို့၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးသန်းနိုင် ဦးဆောင်ကာ အသင်းသူ၊ အသင်းသားတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် ရပ်ကွက် (၅) ခုရှိ အိမ်ထောင်စုတစ်စုလျှင် (၆) ကီလိုအိတ် (၁) အိတ်၊ ခေါက်ဆွဲခြောက် (၃) ထုပ်စီဖြင့် အိမ်ထောင်စု (၁၀၀၀)စု တို့အတွက် ငွေကျပ် (၁၆၅) သိန်း တန်ဖိုးရှိသည့် စားသောက်ကုန်ပစ္စည်းများအား ပြည်သူတို့၏ လက်ဝယ်အရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)