မုံရွာ ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စကာားရည်လုပြိုင်ပွဲတို့ကို ယနေ့နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
ဦးစွာ စကားရည်လုပြိုင်ပွဲတွင် မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မီးမီးတင်သိန်းက ပြိုင်ပွဲအမှတ်ပေးစည်းမျဥ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုကျင်းပရာ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃)ဦးပါဝင်သော စကားရည်လုအဖွဲ့ ၁၀ ဖွဲ့တို့က အတိတ်ကို သင်ခန်းစာယူပြီးပစ္စုပ္ပန်တွင် ကောင်းမွန်အောင်နေထိုင်သင့်သည် ခေါင်းစဥ်ဖြင့် ယှဥ်ပြိုင်မှုတို့အား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မုံရွာတက္ကသိုလ် အဆောင်(၁၃)တွင် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၃၉)ဦးက ထိန်းသိမ်းကာကွယ်သဘာဝဘေးအန္တရာယ်ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စကာားရည်လုပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတွင်းခန်းမတွင် ပြုလုပ်မည့် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် ဆုများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
ခရိုင် (ပြန်/ဆက်)