ပွင့်ဖြူ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်အုပ် ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို ဩဂုတ် ၉ ရက်၊ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် က ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ချေးငွေထုတ်ချေးပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဝင်ငွေတိုး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းရန်ပုံငွေများ စနစ်တကျသုံးစွဲရေး၊ ကျေးရွာပြည်သူများ လိုက်နာရမည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးးတက်ရေး ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက စီမံကိန်းရန်ပုံငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က ဘုရားကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၃ သန်းကို လွှဲပြောင်းပေး အပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ဘုရားကုန်းကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၄၅ ဦးကို ငွေကျပ် ၁၆ ဒသမ ၇ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၅၇ ဦးကို ငွေကျပ် ၁၆ ဒသမ ၃ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၁၀၂ ဦးကို ဒုတိယအကြိမ် မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၃ သန်း ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )