ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်း သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာအထက်တန်းကျောင်း မြကျွန်းသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား/  ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။

ထို့နောက် အ.ထ.က ဟိုင်းကြီး၊ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးက အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူ သင်ကြားခဲ့ကြကာ ယခုလိုအောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းအကျိုးတော်ဆောင်နာယက အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးချစ်သန်းမှ ယခုလိုထူးထူးချွန်ချွန် အောင်မြင်အောင် ကြိုးစားခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများ အတွက် အလွန်ပင်ဂုဏ်ယူမိပါကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအား ထူးချွန်အောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/ဆရာမများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ရွှေကျွန်းသားဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးမှ ယခုလိုအောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဝိုင်းဝန်းပံ့ပိုးပေး ကြသူများအားလုံးကို ဟိုင်းကြီးကျွန်းမြို့သူ/ မြို့သားများအားလုံးကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်းပြောကြားခဲ့ပြီး ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ အားလုံးကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ဂုဏ်ထူးများရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား အ.ထ.က ဟိုင်းကြီးပညာရေး မိသားစုနှင့် ရွှေကျွန်းသားဖောင်ဒေးရှင်းတို့မှ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို တာ၀န်ရှိသူအသီးသီးတို့က ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြောင်း သိရသည်။

အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ (၈၁) ဦးအနက် အောင်မြင်သူ (၅၈)ဦးရှိခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း(၇၂)ရာခိုင်နှုန်းနှင့် ငပုတောမြို့နယ်တွင် ဒုတိယအဆင့်ရရှိ၍ (၄)ဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁) ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၆)ဦးရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်