ဘားအံ ဩဂုတ် ၉
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ စုစုပေါင်းကျပ်သန်း (၁၂၈၆ ဒဿမ ၁၀၅)ဖြင့် လှိုင်းဘွဲမြို့နယ်၊ (က)ရပ်ကွက်၊ ရွှေဂွန်းလမ်း(ဇင်ယော်ဖြတ်လမ်းမှ အ.ထ.က(၁)ရှေ့လမ်း)ဖြတ်ကျော်တည်ဆောက်ထားသည့် လှိုင်းဘွဲချောင်းလူကူးကြိုးတံတား (၂၄၀)ပေ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတံတားထိပ်၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုးတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြိုးတံတားကမ္ပည်း မော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အရှည် (၂၄၀)ပေ၊ လူသွားလမ်းအကျယ် (၆)ပေ၊ သံမဏိကြိုးဆိုင်းတံတားအမျိုးအစား၊ 1m Ø Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ/ကိုယ်ထည်နှင့် သံကူကွန်ကရစ်တာဝါတိုင်၊ အပေါ်ထည်သံမဏိကြိုးဆိုင်းတံတားတို့ဖြင့် တည်ဆောက်ထားသော လူကူးကြိုးတံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ကြိုးတံတားဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လှိုင်းဘွဲချောင်းလူကူးကြိုးတံတားသည် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ လှိုင်းဘွဲတံတားကြီးမှ သွားလာနေရသည့် အချိန်ကြန့်ကြာမှုကို လျော့နည်းစေသော ဖြတ်လမ်းတံတားတစ်စင်းအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရမှ အကုန်အကျခံတည်ဆောက်ပေးထားသည် လမ်း/တံတားများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုပြီး ကျန်ရှိသည့် လမ်း/တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လည်း ယခုကဲ့သို့ ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်ဆောင်က တံတားဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုးတံတားဖွင့်ပွဲသို့ တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)