မကွေး ဩဂုတ် ၉
မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးထွေအုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်ခင်မြင့်က ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သတ်ပြီး ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က လမ်းညွှန်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြရာ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)