ပခုက္ကူ ဩဂုတ် ၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ် ပေါင်းစုံ(အမျိုးသား) ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က နိုင်ငံတော်က အားကိုးရသော ကောင်းမြတ်သည့် ကိုယ်ကျင့်သီလ၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်လာစေရန်၊ အားကစားသမားများအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်မှုရရှိပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုးနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားက အားကစားအဓိဋ္ဌာန်(၄)ရပ်ကို ရွတ်ဆိုကြသည်။
ဆက်လက်၍ အထူးပြုဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရူပဗေဒအသင်းနှင့် ဝိဇ္ဇာညွန့် ပေါင်းအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒအသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ် ပေါင်းစုံမှ ဖူဆယ်ဘောလုံးအားကစားအသင်း ခြောက်သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုပွဲများကို ၁၀ ရက်နေ့အထိလည်းကောင်း၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ၁၁ ရက်နေ့တွင် လည်းကောင်း အသီးသီးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)