မင်းဘူး ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၃၅၇ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖူးစားပြောင်းများကို ၂၄၅၅ ဧက၊ စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ဖူးစားပြောင်း ၂၃၅၇ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၄၅၅ ဧက စိုက်ပျိုးဖို့ လျာထားခဲ့ပါတယ်။ ဒီနေ့အထိ ဖူးစားပြောင်း ၂၃၅၇ ဧက စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ပါတယ်။ ဖူးစားပြောင်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေကို စိုက်ဧကများများ တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်းတိုးတက် ကောင်းမွန်စေဖို့၊ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးကြဖို့နဲ့ GAP နည်းစနစ်နဲ့ စိုက်ပျိုးကြဖို့ အသိပညာပေးတာတွေကို ကွင်းဆင်းဆောင်ရွက်ပေးအပြင် စိုက်ပျိုးပြီးတဲ့ ပြောင်းစိုက်ခင်းများတွင် ပိုးမွှားရောဂါ ကင်းရှင်းစေဖို့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကိုလဲ ဆောင်ရွက်ပေးနေပါတယ်” ဟု မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက ပြောပြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ဖူးစားပြောင်းသီးနှံအပြင် နှံစားပြောင်း၊ ဟင်းသီးဟင်းရွက်များနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်တို့အတွက် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)