တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်

ထားဝယ် ဩဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား၊  အမျိုးသမီး)ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ကျင်းပပြုလုပ်သည့် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲသည် ကျောင်းသူ/ကျောင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိရေး၊ မျိုးဆက်သစ်ဘောလုံး  အားကစားပေါ်ထွက်လာရေး၊ တိုင်းဒေသကြီး ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေးနှင့် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် Dawei League ဘောလုံးပြိုင်ပွဲအတွက် ထူးချွန်ကျောင်းသား ဘောလုံးသမားများ ရွေးထုတ်နိုင်ရေးအတွက် ကျင်းပပြုလုပ်သော ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတိုင်းလူမျိုးတိုင်းတွင် စာပေ၊ ယဉ်ကျေးမှု၊ အားကစား ဆိုသည့် ကဏ္ဍ(၃)ရပ်သည် မရှိမဖြစ် အရေးပါသောအခန်းကဏ္ဍများ၌ ပါဝင်သောကြောင့် စာပေမြင့်မှ လူမျိုးတင့်မည်” “ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မှ အမျိုးသားရေးကို ထိန်းသိမ်းနိုင်မည်” “အားကစားလှုပ်ရှားဆောင်ရွက်မှသာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မည်အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ဂုဏ်သိက္ခာဖြစ်သည့်အတွက် လူငယ်များ လေ့ကျင့်သင်ယူမှု စွမ်းရည်တိုးတက်လာတာနှင့်အမျှ ယှဉ်ပြိုင်မှုများတွင်အောင်နိုင်မှု၊ ရှုံးနိမ့်မှုများကိုပါ သိမြင်လာစေမှာဖြစ်ကြောင်း၊ ယနေ့ ယှဉ်ပြိုင်ကစားကြမည့် ကျောင်းသူ/ကျောင်းသား ဘောလုံးအားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ မိမိကျောင်း၏ဂုဏ်၊ မိမိမြို့နှင့် မိမိဒေသ၏ဂုဏ်ကို ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သော အားကစားသမားကောင်းများ ဖြစ်လာအောင် အမိန့်နာခံတတ်မှု၊ သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်းကို ရိုသေလိုက်နာတတ်မှု စသည့် အခြေခံကောင်းများကို အစွမ်းကုန် ဖော်ထုတ်ပြသရင်း အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ယှဥ်ပြိုင်ကြသည့် ကျောင်း (၁၅) ကျောင်းအတွက် ဘောလုံး (၃၀) လုံးနှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း (၃၀) ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည် ထွက်ခွာကာ အမျိုးသား အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူ ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးကြရာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းအသင်းက (၃)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီးအသင်း(၅)သင်းဖြင့် အုပ်စုများခွဲ၍ ဩဂုတ်လ ၂၉ ရက်နေ့အထိယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)