မင်းဘူး(စကု)မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မင်းဘူး ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မေသျှန္ဒီအောင်ကျော်က ကျောင်းသား၊ ကျောင်းသူလေးများအား Online media အဓိပ္ပါယ်၊ Onlineလိမ်လည်မှုအမျိုးအစားများ၊ လောင်းကစားမှု၊ လိမ်လည်မှုဖြစ်စဉ်များနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ သတိပြုဆင်ခြင်နိုင်စေမည့် အကြောင်းအရာများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး  လန်ချန်း-မဲခေါင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို (clip) (၂) ခုကို ထည့်သွင်းပြသခဲ့ရာ ကြာကန်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

ထို့နောက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ကွန်းဆင့်သီက လေဘေး၊ ရေဘေး၊ မိုးကြိုးဘေးစသော သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးတို့ကိုဟောပြောကာ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား လူငယ်လေးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း  သိရှိရသည်။

ဇေယျာနိုင်