ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်၊ နံရံကပ်စာစောင်ပြသ

ကန့်ဘလူ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်၊ နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကလေးအလုပ်သမားဆိုင်ရာ အချက်အလက်များ၊ ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းရင်းများ၊ ဥပဒေပါကလေး အလုပ်သမားဆိုင်ရာ အသက်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပညာရေးနှင့်အသက် မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ နွမ်းပါးသည့် မိသားစုများအတွက် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝရရှိစေရန် ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ကလေးအလုပ်သမားများ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ ဆက်သွယ်ရေးလိမ်လည်မှု သဘောတရားများကို ကျောင်းသား၊ ကျောင်းသူများ သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို ၂ ဖိုင်အားပြသခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသူများက ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ် စာစောင်များနှင့် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)