စေတုတ္တရာ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပညာဂုဏ်ဆောင် Education Centre Founder မှ ကြီးမှူးကြီးပသော စေတုတ္တရာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရအောင်မြင် ကျောင်းသား၊ ကျောင်းသူများ Grade-5၊ Grade-9 တွင် (A)အဆင့်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် အာစရိယပူဇော်ပွဲကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) သီဟရပ်ကွက်၊ ဓမ္မစကူးလ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့်ဖွင့်လှစ်ပြီး စေတုတ္တရာမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးမင်းဇော်က အမှာစကားပြောကြားကာ ပညာဂုဏ်ဆောင် Education Centre Founder မှ ဆရာမ ဒေါ်ချောစုလှိုင်က ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။
ထို့နောက် ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရ ကျောင်းသူနှင့်အောင်မြင်သူများ Grade-5၊ Grade-9 တွင် (A)အဆင့်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ အာစရိယပူဇော်ပွဲကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား ကျောင်းသား၊ ကျောင်းသူများက ကန်တော့ခဲ့ကြသည်။ ထို့နောက် လေးဘာသာဂုဏ်ထူးရ ကျောင်းသူက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)