မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး သာသနာ့ဗိမာန်တော်ကြီးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

မင်းဘူး ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းအဆင့် မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံ မြို့မိမြို့ဖများနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူး-မကွေးကားလမ်း မင်းဘူးမြို့ ရှုခင်းသာအနီးရှိ လမ်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး မိုင်တိုင် အမှတ် ၁/၁ မှ ၁/၂ မိုင်အတွင်း မြို့နယ်လမ်းဦးစီးဌာနက လမ်းအဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အဆိုပါလမ်းမ၌ ကျောက်စီမြေထိန်းနံရံနှင့် ကျောက်စီရေမြောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းလုပ်ငန်းများဆောင်ရွက်ရာ၌ ဒေသခံပြည်သူများနှင့် လမ်းအသုံးပြု သွားလာသူများ ယာဉ်လမ်းအန္တရာယ်ကင်းဝေးပြီး သွားလာရေး အဆင်ပြေ ချောမွေ့စေရန် အထူးအလေးထား ဆောင်ရွက်ရေးနှင့် လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစွာဆောင်ရွက်ရေး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၃) ရပ်ကွက်ရှိ သာသနာ့ဗိမာန်သို့ သွားရောက်ပြီး သာသနာ့ဗိမာန်ကော်မတီဝင်များ၊ ဒေသခံ မြို့မိမြို့ဖ များနှင့် တွေ့ဆုံကာ မင်းဘူးမြို့ကြီးအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မြို့ဖွံ့ဖြိုးတိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ မင်းဘူးမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ဘာသာရေးဆိုင်ရာပွဲအခမ်းအနားများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်နိုင်ရေးနှင့် သာသနာ့ဗိမာန်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မတည်ငွေများ ထည့်ဝင်လှူဒါန်းပေးနိုင်ရေး စသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေပြီး ဒေသခံများ၏ မြို့ဖွံ့ဖြိုးတိုးတက်ရေး တင်ပြမှုများပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)