စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ အခြေခံစာကြည့်တိုက်သင်တန်း (၂-၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မုံရွာ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်ပိုင်းတွင် ကလေးမြို့၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ကျင်းပပြုလုပ်သည့် အခြေခံစာကြည့်တိုက် သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်မှူးများသည် စာဖတ်သူများ အတွက် စာအုပ်စာစောင်များ အလွယ်တကူရှာဖွေနိုင်ရေးအတွက် စာကြည့်တိုက်ပညာ အပြည့်ဖြင့် ဝန်ဆောင်မှုများပေးသွားကြရန်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိလာမည့် စာကြည့်တိုက်ပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် ကြိုးစား သင်ယူသွားကြရန်နှင့် မိမိတို့နှင့်သက်ဆိုင်သည့် စာကြည့်တိုက်များတွင် လက်တွေ့အသုံးချကာ ပြည်သူများအား စာဖတ်သည့်အလေ့အကျင့်များ ရရှိလာအောင် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး အခြေခံစာကြည့်တိုက်သင်တန်း(၂/၂၀၂၅)အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံ ငွေကျပ် ၃၇၅၀၀၀ (သုံးသိန်းခုနှစ်သောင်းငါးထောင်)ကျပ်အား ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အခြေခံစာြကည့်တိုက်သင်တန်း (၂/၂၀၂၅) ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူ များနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အဆိုပါရုံးရှိ ကွန်ပျူတာသင်တန်း သင်ကြားပေးနေမှုနှင့် စာကြည့်တိုက်အတွင်း ကလေးလူငယ်များ သုတ/ရသစာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုများ၊ ကလေးစာဖတ်ခန်းအတွင်းရှိ ကလေးများ ရုပ်ပုံဆက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနင့်အတူ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြပြီး ကလေးခရိုင်အတွင်းရှိ အထင်ကရနေရာများ၊ ဒေသခံတိုင်းရင်းသားများ၏ အသုံးဆောင် ပစ္စည်းများ ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်အတွင်း လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။

ဦးစွာ ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ပညာသင်နှစ်အလိုက် အောင်မြင်မှုရာခိုင်နှုန်းနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု၊ သင်ကြားရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ကျောင်းဆောင်အဆောက်အဦများကြံ့ခိုင်မှု၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ အသုံးပြုမှု အခြေအနေများနှင့် ပြည့်စုံလုံလောက်မှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးလုပ်ငန်းများဆောင်ရွက် နေမှုအခြ အနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြို့နယ်/ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်/ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက ကလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် မိမိတို့ဌာနများ အလိုက် ပူးပေါင်းဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။  

ဆက်လက်ပြီး တိုင်းဒေသကြီးပညာရေးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကလေးမြို့ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် ကျေးရွာ/ ရပ်ကွက်/ မြို့နေပြည်သူများ၏ ယုံကြည်အားကိုးမှုအားရယူကာ ကျောင်းသား၊ ကျောင်းသူ များအား ပညာတတ်များဖြစ်အောင် စေတနာထားကာ မိဘ၊ ဆရာ လက်တွဲညီစွာဖြင့် သင်ကြားရေး လုပ်ငန်းများအား အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိကျောင်းအား ဥပတိရုပ်အမြဲကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့အတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ကျောင်းများရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှုန်း တိုးတက်မြင့်မားလာစေရေးနှင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားလာစေရေးတို့အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အလေးထားကာ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လာသူများ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကလေးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများထံ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးခရိုင်အတွင်း စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူများအား သွင်းအားစု (ယူရီးယား ဓါတ်မြေဩဇာ)များပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိကအားပြုလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်တာနှင့်အညီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက် ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ ကူညီပံ့ပိုးပေးမှုများနှင့်အတူ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုး၊ မြေ၊ ရေ နည်းစသည့် နည်းလမ်းများအား လိုက်နာဆောင်ရွက်ကြမည်ဆိုပါက စိုက်ပျိုးထားသည့်သီးနှံများအထွက်တိုးပြီး တိုင်းဒေသကြီး၏လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်က စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာ ရောစပ် အသုံးပြုခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျေးရွာ ၅ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးကျော်အတွက် ကျေးရွာများမှ တာဝန်ရှိသူများထံ ယူရီးယား ဓါတ်မြေဩဇာများ ပေးအပ်ခဲ့ကြပြီး ကျေးရွာများမှ ဒေသခံတောင်သူများကိုယ်စား တောင်သူ တစ်ဦးက‌ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)