မင်းဘူး(စကု)မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်

မင်းဘူး ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့်သင်တန်းများမှ လုပ်ငန်းထူထောင်မည့် သင်တန်းသူ ၂၅ ဦးအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ရှိ မင်းဘူး ဦးဩဘာသမြို့နယ်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနက မင်းဘူးခရိုင်၌ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး သင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လုပ်ငန်းရှင် (၁၅)ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လုပ်ငန်းရှင် (၂၀)ဦး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လုပ်ငန်းရှင် (၂၅)ဦး စုစုပေါင်း လုပ်ငန်းရှင် (၆၀)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုလိုအသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင် ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖန်တီး ပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အထောက် အကူဖြစ် စေမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးရေးအတွက် အဆိုပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေအကုန်ကျခံကာ ခွင့်ပြုဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းများမှ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်းသူ ၂၅ ဦးအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ကာ သင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးမှုအပေါ် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင် အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနကကြီးမှူး၍ စီမံကိန်းကျေးရွာ(၅)ရွာ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများအနက် စက်ချုပ် သင်တန်း (၂)ခုမှ သင်တန်းသူ ၁၀ ဦး၊ စားသောက်ကုန်သင်တန်း (၃)ခုမှ သင်တန်းသူ ၁၅ ဦး စုစုပေါင်း ထူးချွန်သင်တန်းသူ ၂၅ ဦးအား စိစစ်ရွေးချယ်ပြီး ကုန်ကြမ်းဖိုး ငွေကျပ်နှစ်သိန်း ထည့်ဝင်စေကာ ကိုယ်ပိုင်လုပ်ငန်းများထူထောင်ရန်အတွက် ဌာနမှတစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို ရာသက်ပန်သုံးဆွဲခွင့်ပြုပေးခဲ့ကြောင်း၊ အဆိုပါစီမံကိန်း လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ကိုယ်ပိုင်လုပ်ရှင်စုစုပေါင်း ၆၀ ဦးအား အသေးစားလုပ်ငန်းရှင်များဖြစ်အောင် မွေးထုတ်ဆောင်ရွက်ပေးနိုင်ခဲ့ကာ လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)