ကံမ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသပွဲကို ယမန်နေ့နေ့လယ်(၁)နာရီက အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မော်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့်က ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ကျောင်းစာအပြင် ဗဟုသုတရရှိနိုင်မည့် ပြင်ပစာပေများအား ဖတ်ရှုလေ့လာကြရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီး ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)