ကံမမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု (၂၂) အုပ်စု ထုတ်ချေးပြီးစီး

ကံမ ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ  စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ထန်းတောကျေးရွာအုပ်စုနှင့် အလယ်ချောင်းကျေးရွာအုပ်စုတို့မှ တောင်သူ(၁၉၄)ဦးတို့၏  မိုးစပါးစိုက်ဧက (၄၃၅) ဧကနှင့်  နှမ်းစိုက်ဧက (၁၀) ဧကတို့အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၆၆၂.၅) သိန်းအား ထုတ်ပေးခဲ့ပြီး ကျေးရွာ အုပ်စု(၂၂)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ကံမမြို့နယ်၌ ငွေကျပ် သိန်းပေါင်း သုံးသောင်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်းမြေပဲ၊ နှမ်းအစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)