မြဝတီ သြဂုတ် ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊မြဝတီမြို့ ကရင်နှစ်သစ်ကူးထာဝရငြိမ်းချမ်းရေးကွင်း၌ ယမန်နေ့ ညနေ ၃နာရီက (၂၄)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့ရှိ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့်ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ပြည်နယ်အဆင့် လူရည်ချွန်ဆုရ ကျောင်းသားများ၊ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ၊ ကရင်ရိုးရာ ချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာ အထိမ်းအမှတ်အထက်တန်း အဆင့်၊ အလယ် တန်းဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ် အမှတ်(၄)နယ်ခြားစောင့်တပ် တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နှင့်အဖွဲ့ဝင်များ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေး အသင်းနာယကများ ပွဲတော်ကျင်းပရေးဥက္ကဋ္ဌ ဦးစောကျော်မြင့်သန်းနှင့်တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ခရိုင်ပညာရေးမှူး လက်ထောက်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြဝတီမြို့ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်း နာယက ကရင် ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ အမှတ် (၄ ) နယ်ခြားစောင့်တပ် တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်က အမှာစကားပြောကြားခဲ့ပြီး မြ၀တီခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူးက မုဒိတာစကားအားပြောကြားသည်။
ဆက်လက်ပြီး၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့်ပြည်နယ်အဆင့် လူရည်ချွန်ဆုရ ကျောင်းသားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၃) ဘာဂုဏ်ထူးရှင် ကျောင်းသူ မလဲ့ရည်အောင် က ကျေးဇူးတင် စကားပြောကြား ခဲ့ကြောင်းသိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)