ကန်ကြီးထောင့် သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဝါခေါင်လကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုခန်းမတွင်ကျင်းပရာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တာဝန် ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာအခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဖားစည် ၉ ချက်တီး၍ အခမ်းအနားအားဖွင့်လှစ်ပေးခဲ့ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယကဆရာတော် ဥူးကုမုဒြက ဩဝါဒစကားမိန့်ကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရည်မွန်တို့က နှုတ်ခွန်းဆက်အမှာစကားအား လည်းကောင်း မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းစန်းဝင်းက ချည်ဖြူဖွဲ့မင်္ဂလာ ဖြစ်ပေါ်လာပုံ အကြောင်းရှင်းလင်းခြင်းနှင့် ကျေးဇူးတင်စကားအားလည်းကောင်း အသီးသီး ပြောကြားခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအားကျင်းပခဲ့ရာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ချည်ဖြူဖွဲ့ပစ္စည်းများသယ်ဆောင်ကာ အဘိုး၊ အဘွားများအား ချည်ဖြူဖွဲ့မည့်နေရာသို့ စနစ်တကျ ခေါ်ဆောင်လာခဲ့ကြပြီး ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက သရုပ်ပြလက်ချည်ခဲ့ကြသည်။
ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ချည်ဖြူဖွဲ့ခဲ့ကြပြီး အခမ်းအနားအား ကရင်အမျိုးသားသီချင်းသီဆို၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး