ဆိပ်ဖြူမြို့နယ်တွင် ခင်ပွန်းကြီး(၁၀)ပါး ဓာတုစေတီတော် ပန္နက်တင်မင်္ဂလာကျင်းပ

ဆိပ်ဖြူ သြဂုတ် ၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ခင်ပွန်းကြီး(၁၀)ပါး ဓာတုစေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယောဝရပ်ကွက် သံသရာအေးသာသနာ့မြေ၌ ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်က ကျင်းပသည်။

မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၏ ဦးဆောင်မှုဖြင့် တပည့်ဒါယကာ၊ ဒါယိကာမ အလှူရှင်များစုပေါင်း၍ ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များဌာပနာ၍ အများပြည်သူအများ ခင်းပွန်ကြီးဆယ်ပါး အာရုံပြုပူဇော် ဓာတုစေတီတော်တည်ထား ကိုးကွယ်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော်သံဃာတော်များက မြေသန့်မင်္ဂလာပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူခဲ့ပြီး၊ ပန္နက်တင်မင်္ဂလာဆက်လက်ကျင်းပရာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ခင်ပွန်းကြီး(၁၀)ပါး ဓာတုစေတီတော် အလယ်ပစ္စယံ ပန္နက်တင်မင်္ဂလာ စတင်ဆောင်ရွက်ပေးပြီး မြို့နယ်သာသနာရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်ဒါယကာ၊ ဒါယိကာမတို့က အရပ်မျက်နှာများအလိုက် ပန္နက်တင်မင်္ဂလာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)