ချောက် ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.လ.က(၃) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား/သူများက မြန်မာ့အလင်းသတင်းစာမှ မောင်ကမ္ဘာရေးသားထားသော “ငယ်စဥ်အခါမှာ ပညာရှာပါ” ဆောင်းပါးအားတစ်ဦးချင်း ဖတ်ကြား၍ ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် အ.လ.က (၃) ကျောင်းမှ Grade-6၊ Grade-7၊ Grade-8 ကျောင်းသား/သူ(၇)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်နုနုထင်က ကျောင်းသား/သူများ ယှဥ်ပြိုင်ဆွေးနွေးခဲ့မှုအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျောင်းသား/သူများ စာကြည့်တိုက်ကို အသုံးပြု၍ စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ရရှိပြီး မိမိဖတ်ရှုသည့် စာအုပ်ပေါ် ပြန်လည်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)