မြဝတီ သြဂုတ် ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကရင်နှစ်သစ်ကူးထာဝရငြိမ်းချမ်းရေးကွင်း၌ ယမန်နေ့ ညနေ ၃ နာရီတွင် (၂၄)ကြိမ်မြောက်ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့ရှိ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့်ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ပြည်နယ်အဆင့် လူရည်ချွန်ဆုရကျောင်းသားများ၊ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ၊ကရင်ရိုးရာ ချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာအထိမ်းအမှတ်အထက်တန်းအဆင့်၊ အလယ်တန်းဆင့် စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ်( ၄ )တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နှ င့်တာဝန်ရှိ သူအဖွဲ့ဝင်များ၊ ကရင်စာပေနှင့်ယဥ်ကျေးမှု တိုးတက်ပြန့်ပွားရေး အသင်းနာယကများ ပွဲတော်ကျင်းပရေးဥက္ကဋ္ဌ ဦးစောကျော်မြင့်သန်းနှင့်တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ခရိုင်ပညာရေးမှူး လက်ထောက်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြဝတီမြို့ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်း နာယက ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ် (၄ ) တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးမြ၀တီခရိုင် ပညာရေးမှူး ဦးစောဝါး လယ်ထူးက မုဒိတာစကားအားပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့်ပြည်နယ်အဆင့် လူရည်ချွန်ဆုရ ကျောင်းသားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၃) ဘာဂုဏ်ထူးရှင် ကျောင်းသူ မလဲ့ရည်အောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)