ဒေးဒရဲ သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သတ်ပုံမှန်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း