ဘိုကလေး ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၅၀)ဆေးရုံတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပထမအပတ် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး(၁) ဒေါ်အေးမြမော်နှင့် ဝန်ထမ်းများ၊ ဘိုကလေးကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာသန်းသန်းထွေး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ၊ ဒေါ်ခိုင်သီတာမြင့်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်တွင်းမှ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ၊ ဒေါ်ခိုင်သီတာမြင့်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဘိုကလေးကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာသန်းသန်းထွေးက ဘိုကလေးမြို့နယ်အနေဖြင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များအနေဖြင့် ယခုဩဂုတ်လပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယပတ်တွင် ငါးနှစ်အောက်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္တပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ် စသည်ဖြင့် ခွဲခြားသတ်မှတ်၍ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး(၁) ဒေါ်အေးမြမော်က မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးရလဒ်များ၊ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် နို့တိုက်မိခင်များ လိုက်နာပြုမူရမည့်အချက်များနှင့် ရှောင်ရှားရမည့် အချက်များအား ရှင်းလင်းအသိပညာပေးခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတာဝန်ရှိသူများက စနစ်ကျသော နို့တိုက်ကျွေးမှုပုံစံအား နို့တိုက်မိခင်များကို သရုပ်ပြရှင်းလင်းခဲ့ပြီး အာဟာရဖွံ့ဖြိုးရေးနှင့်ပတ်သတ်သည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ အာဟာရအစားအစာအဖြစ် ကြက်ဥနှင့် အိုင်အိုဒင်းဆားတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)