သဲကုန်း သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းပုတီးကုန်း၊ ပညာရတနာခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုအဖြစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာဗဟုသုတများ တိုးပွားပြီး စာပေနှင့် ရင်းနှီးမှုများရှိလာစေရေး၊ အသိဉာဏ်ပညာများ ပိုမိုဖွံ့ဖြိုးလာနိုင်ရေး၊ စာကြည့်တိုက်သည် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်အပန်းဖြေရာနေရာနှင့် အသိပညာဗဟုသုတများ ပေးနေသည့် နေရာတစ်ခုဖြစ်သည့်အတွက် ငယ်စဥ်ကပင်စာဖတ်သည့် အလေ့အကျင့်များ ဆောင်ရွက်သွားကြရန် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းက နုတ်မှုစွမ်းရည်များ ပြည့်ဝစေရန် ပုံပြင်ပြောပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုအဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အထက်တန်းပြ ဆရာမဒေါ်ငြိမ်းသူစိုးက အမှတ်ပေးစည်းမျဥ်းအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ အသိပညာပေးပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မိဘဆရာနှစ်ပတ်လည်အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)