ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဩဂုတ် ၈

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသား/အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့ရာ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ အမျိုးသမီးနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ပထမဆုရရှိသည့် မွန်ပြည်နယ်အသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် မကွေးတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုကို မြန်မာနိုင်ငံပိုက်ကျော် ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌကလည်းကောင်း၊ အမျိုးသမီးလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပထမဆုရရှိသည့်မွန်ပြည်နယ်အသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး အသင်း၊ ပထမဆုရရှိသည့်စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ အမျိုးသားလေးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ပထမဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ရွှေတံဆိပ်နှစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် မွန်ပြည်နယ်အသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တံခွန်စိုက်ဆုဖလားကို လည်းကောင်းဆုချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေတံဆိပ်နှစ်ခုဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ဒိုင်လူကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တံခွန်စိုက်ဆုဖလားရရှိသည့် အသင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှအိမ်ရှင်အဖြစ် ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင် ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လလ ၇ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)