စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကြံခင်း ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မင်းရဲကျော်စွာလမ်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတာဝန်ခံရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက စာအုန်းဆီ ဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားအုန်းဆီဖြန့်ဖြူးလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချော မွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေးရည်ရွယ် ၍ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်ထောင်စု အလိုက်ဝယ်ယူရမည့် လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြော ကြားပြီး၊  မြို့နယ်စားအုန်းဆီဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းမော်က ရွပ်ကွက်/ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချခြင်းအား ရာနှုန်းပြည့်ဆောင်ရွက်ကြစေရေးနှင့် ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ဦးအောင်ကိုကိုဌေးက ဌာန၏လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်သွားနိုင်ရေး အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော စားအုန်းဆီကိုယ်စားလှယ်များက မိမိတို့သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါအခမ်းအနားကို မြို့နယ်စားအုန်းဆီဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့မရဲစခန်းမှ စခန်းမှူးနှင့် ကော်မတီအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)