သာပေါင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး (ပထမ) ရက်သတ္တပတ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး လှုပ်ရှားမူ၊ စံပြမိခင်ပြိုင်ပွဲနှင့်ဆုပေးပွဲ ကျင်းပ

သာပေါင်း ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ပထမအပတ်) အဖြစ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမူ၊ စံပြမိခင်ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွားက အာဟာရ ရက်သတ္တပတ်အခမ်းအနား ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းနှင့်မိခင်နို့၏ အာဟာရတန်ဖိုးများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်မှ အာဟာရဖွံ့ဖြိုးရေးနှင့်ပတ်သက်သော အကြောင်းအရာများကိုပြောကြား၍ စံပြမိခင်ပြိုင်ပွဲတွင် ဆုရရှိကြသောမိခင်များအား ဆုများပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသော မိခင်နှင့်ကလေးငယ်များအား ကြက်ဥ၊ ငှက်ပျောသီး၊ အိုင်အိုဒင်းဆားနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သြဂုတ်လအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ အပတ်စဉ်အာဟာရဖွံဖြိုးရေးလှုပ်ရှားမှုများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း (ပြန်/ဆက်)