စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတွဲဘက် ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက် 

မုံရွာ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြအောင်စည်ရပ်ကွက်၊ တောင်သူ ဦးစောနိုင်၏ ၅.၆၂ ဧကအတွင်း စိုက်ပျိုးထားသည့် ဆင်းသုခစပါးခင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတွဲဘက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ဒေသခံတောင်သူများမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတွဲဘက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြသမှုအား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသခံတောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများနှင့် ပိုးသတ် ဆေးများအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလေးခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။  

ဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေ များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးက ကလေးခရိုင်အတွင်း သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများအားလည်းကောင်း၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) ခရိုင်ဦးစီးမှူးက ဆည်/တမံများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအားလည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကလေးခရိုင်အတွင်း မြေယာကိစ္စလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဝေပေးထားမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကလေးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကလေးခရိုင်အတွင်းရှိ ပြည်သူများ စားရေရိက္ခာ ဖူလုံပြည့်ဝစေရေးအတွက် စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်  စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တောင်သူများအနေဖြင့် သီးထပ်စိုက်ဧကများအား ရနိုင်သ၍ တိုးချဲ့စိုက်ပျိုး သွားကြရန်နှင့် စိုက်ပျိုးထားသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုအပ်မှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေ များကို ရှင်းလင်းပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလေးမြို့၊ ချမ်းမြအောင်စည် ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပပြလုပ်သည့် ဆွမ်းဆန်၊ ဆီနှင့်လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ ကလေးမြို့၊ ချမ်းမြအောင်စည်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက၊ ဘဒ္ဒန္တ ဥတ္တရသာရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များထံ ဆွမ်း၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)