ခန္တီး သြဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် အောင်သီရိဖောင်ဒေးရှင်းက အတိုးရငွေများအား ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများအတွက် တေရသမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး အောင်သီရိဖောင်ဒေးရှင်း စာရင်းစစ်အဖွဲ့ခေါင်းဆောင် ဦးငွေထွန်းက အောင်သီရိဖောင်ဒေးရှင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အောင်သီရိဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးကဏ္ဍအတွက် ငွေကျပ်(၅၅)သိန်း၊ ပညာရေးကဏ္ဍအတွက် ငွေကျပ်(၃၀)သိန်း၊ ကျန်းမာရေးကဏ္ဍအတွက် ငွေကျပ်(၃၀)သိန်း၊ သာသနာရေးကဏ္ဍအတွက် ငွေကျပ်(၂၀)သိန်း စုစုပေါင်းအလှူငွေကျပ်(၁၃၅) သိန်းအားပေးအပ်ရာ ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အောင်သီရိဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အောင်သီရိဖောင်ဒေးရှင်း စာရင်းစစ်အဖွဲ့ဝင် ဦးလှသန်းက လက်ခံရယူခဲ့သည်။
ထို့နောက် ခန္တီးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောင်သီရိဖောင်ဒေးရှင်း ထောက်ပံ့အလှူငွေများအနက်မှ အောင်သီရိဖောင်ဒေးရှင်း အလုပ်အမှုဆောင် အဖွဲ့ဝင်များအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခန္တီးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)