ငွေဆောင် သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က( ငွေဆောင်) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမေသူဝင့်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းကောင်စီ ဖလားဘောလုံးပြိုင်ပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။ ထို့နောက် (ရှေ့တန်း၊အလယ်တန်း၊နောက်တန်း၊ဂိုးသမား) အကောင်းဆုံးကစားသမားဆု ရရှိသူများကို မြို့အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များမှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး အမျိုးသား အငယ်တန်းဘောလုံးပြိုင်ပွဲတွင်( ပထမ၊ဒုတိယ၊တတိယ) ရရှိသောအသင်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမေသူဝင့်မှလည်းကောင်း အမျိုးသားအကြီးတန်း ဘောလုံးပြိုင်ပွဲ (ပထမ၊ ဒုတိယ၊ တတိယ) ရရှိသော အသင်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ လည်းကောင်း ဒိုင်းဆုနှင့်ဆု တံဆိပ်များ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် အမျိုးသားအကြီးတန်း ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ကျန်စစ်သားအသင်းမှ အသင်းခေါင်းဆောင်၊ အမျိုးသားအငယ်တန်းဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ကျန်စစ်သားအသင်းမှ အသင်းခေါင်းဆောင်နှင့် ကျန်စစ်သားအသင်းအား အုပ်ချုပ်သူဆရာတစ်ဦးတို့မှ ဝမ်းသာဂုဏ်ယူစကား အသီးသီးပြောကြားခဲ့ကြသည်။
အဆိုပါ အ.ထ.က(ငွေဆောင် )စာသင်ကျောင်း၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ၊ မိုးရာသီ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲအား (၁၂.၇.၂၀၂၅) ရက်နေ့မှ စတင်ကာ ပတ်လည် စနစ်ဖြင့် အ.ထ.က(ငွေဆောင်)ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
R – 014( ငွေဆောင်)