မအူပင်မြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

မအူပင် ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲအား ယမန်နေ့နံနက် (၁၀) နာရီက GEC ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦး‌ဇော်မင်းမှ မအူပင် ဆီလက်ကားကိုယ်စားလှယ်များ၊ ဆီထုတ်ကိုယ်စားလှယ်များအား မအူပင်ဆီခွဲတမ်း ရရှိမှုအပေါ် သတ်မှတ်ရက်အတွင်း အချိန်နှင့်တပြေးညီ ဆီထုတ်ယူပေးနိုင်ရန်၊ ဆီလက်ကားကိုယ်စားလှယ်များမှလည်း ရရှိသောဆီများကို စနစ်တကျရောင်းချသွားရန်၊ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီများအား လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများအား သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထုလက်ဝယ်အရောက် ရောင်းချသွားရန်လိုအပ်ကြောင်း၊ မလိုလားအပ်သော နေရာများသို့ မရောင်းချမိစေရန်လိုအပ်ကြောင်း၊ ကျေးရွာများသို့ ဆီအရောင်း ကိုယ်စားလှယ်များမှ ရောင်းချရက်အတွင်း သတ်မှတ်ချက်နှင့်အညီရောင်းချပေးနိုင်ရန် အပတ်စဉ်ထုတ်ယူရောက်ရှိလာသည့် စားအုန်းဆီများ၏ရောင်းလိုအား၊ ဝယ်လိုအား အခြေအနေများညီမျှရန်၊ စားသုံးသူပြည်သူများ သက်သာစွာဝယ်ယူနိုင်ရန် အဓိကထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက် လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မအူပင်မြို့ရှိ ဆီလက်ကားကိုယ်စားလှယ် (၈) ဦး၊ ဆီထုတ်ကိုယ်စားလှယ် (၈) ဦးတို့ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)