မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား အ.ထ.က(ရွှေသောင်ယံ)၌ ကျင်းပ

ရွှေသောင်ယံ ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)တွင် ယမန်နေ့ညနေက မိုးရာသီကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာနိုင်ငံတော်သီချင်းကို သီဆို၍ နိုင်ငံတော်အလေးပြုခြင်းအစီအစဉ်ကို ပြုလုပ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏အက အလှများဖြင့် ဖွင့်ပွဲပြုလုပ်ခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို မိန်းကလေးအသင်း၊ အသက်(၁၃)နှစ်အောက်အမျိုးသားအသင်း၊ အသက်(၁၃)နှစ်အထက် အမျိုးသားအသင်းဟူ၍ ခွဲခြားထားပြီး အသင်းအဖွဲ့တစ်ဖွဲ့လျှင် (၅)သင်းစီဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ အ-ထ-က(ရွှေသောင်ယံ)ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်နေပြည်သူများ လာရောက်အားပေးကြည့်ရှုခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)