ကျုံပျော်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကျင်းပ

ကျုံပျော် ဩဂုတ် ၈

ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျှော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့မွန်းလွဲ  ၂  နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “ အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ ကျုံပျော်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌စောထွန်းဝင်းက ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့သည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊ လူငယ်များအသိအလိမ္မာတိုးအောင် စာပေဖတ်ရှုကြရန်၊ စာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုး‌ရန်နှင့် စာဖတ်ရှိန်မြင့်မားအောင် ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်း ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကျပန်း၊ စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်းနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကာ ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်း အကများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပွဲတော်တွင် လူငယ်အသိပညာပေး ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ လှပသာယာပြည်မြန်မာ ရောင်စုံ ဓာတ်ပုံများပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ပုံပြော၊ ကျပန်း၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ စကားပုံဆက်၊ အရုပ်ဆက်နှင့် ခါးလှည့်ကွင်း ၊ မြှားပစ်၊ ဂေါက်သီးရိုက်ပြိုင်ပွဲများအပြင် စာအုပ်ဈေးရောင်းပွဲတော်ကိုပါ ထည့်သွင်း၍  နှစ်ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)