သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုများပေးအပ်

မြန်အောင် ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဩဂုတ် ၅ နံနက် ၁၀ နာရီက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းတွင်ပါဝင်သော သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းသူက တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကို အထောက်အကူပြုနိုင်ရန်အတွက် အထွက်တိုးမျိုးဖြစ်သည့် အောင်နိုင်တိုး အထွက်တိုးစပါးမျိုးစိုက်ပျိုးသည့် အသင်းသားတောင်သူများအား သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် သွင်းအားစုများအား စနစ်တကျ အကျိုးရှိစွာအသုံးပြုရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်ဦးစီးအရာရှိနှင့် အသင်းတာဝန်ရှိသူများက ဇီးဖြူကုန်းကျေးရွာအုပ်စုရှိ အောင်နိုင်တိုး အထွက်တိုးစပါးမျိုး စိုက်ပျိုးသောသမဝါယမအသင်းသား တောင်သူ ၁၉၃ ဦးအား တစ်ဧကလျှင် ငွေကျပ် ၂.၅ သိန်းနှုန်းဖြင့် ဧက ၁၂၀၀ အတွက် ငွေကျပ် သိန်းသုံးထောင်နှင့်ညီမျှသော သွင်းအားစု များကို တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်အောင် (ပြန်ဆက်)