မြန်အောင် သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာအုပ်စု၊ ဆန်နိချောင်ကျေးရွာ ဇေယျသိင်္ဂီကျောင်းတိုက် ဓမ္မာရုံတွင် ယနေ့နံနက်က မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် လူထုအသိပညာပေး ဟောပြောပွဲများကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်နိုင်က ကျေးရွာနေပြည်သူများ လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတတိုးပွားရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ဟောပြောပွဲကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၂) ဟင်္သာတမှ ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှုဖြစ်နိုင်သော ပတ်ဝန်းကျင်အခြေအနေများ၊ လူကုန်ကူးမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် နည်းလမ်းများ၊ သတင်းပေးပို့ခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ အတတ်ပညာသာမက အသိပညာဗဟုသုတပြည့်စုံမှုဖြင့်ဘေးအန္တရာယ် များမှကြိုတင်ကာကွယ်နိုင်ပုံများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးသည်။
မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်က အန္တရာယ်ကင်းသော အစား အသောက်များရွေးချယ်ဝယ်ယူစားသောက်ရန်နှင့် စားသုံးသူ၏အခွင့်အရေးများအကြောင်း အသိပညာပေးဟောပြောသည်။ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါက ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မိခင်ဝိုင်း ဖွဲ့စည်းတည်ထောင်ရန်အတွက်အသိပညာပေးခြင်းနှင့် ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုအကြောင်း အသိပညာပေးဟောပြောဆွေးနွေး၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဒေါ်စန်းစန်းထွေးက အမှိုက် (၄) မျိုးခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောဆွေး နွေးသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေမြတ်မိုက Smart Village(ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း)အကြောင်း ရှင်းလင်းဆွေးနွေး ဟောပြော ခဲ့သည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ဌာန၏အသိပညာပေးလုပ်ငန်းများ၊ စာကြည့်တိုက်အခြေပြု၍ အသိပညာပြန့်ပွားရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ခေတ်စနစ်နှင့်အညီအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့် Digital Library Management System ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ကျောင်းသားကျောင်းသူဘဝမှ အစပြုကာ စာကြည့်တိုက်အသုံးပြုမှုနှင့်စာပေဖတ်ရှုခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်ကြသည့် အ.ထ.က (ခွဲ) ဆန်နီချောင်မှ ကျောင်းသား ကျောင်းသူများ၊ ဆန်နီချောင်ကျေးရွာနေပြည်သူများအား မြို့နယ်ပြန်/ဆက် ဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝင်းဗိုလ် (ပြန်/ဆက်)