ပွင့်ဖြူ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်းဇောင်းကျေးရွာအုပ်စု၊ ဂွေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက်က ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံကိန်းရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက စီမံကိန်းရန်ပုံငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် ၅၀ ဒဿမ ၇ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဂွေ့ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၀ ဦးကို ငွေကျပ် ၂၉ ဒဿမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၄ ဦးကို ငွေကျပ် ၁၈ ဒဿမ ၉ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၄ ဦးကို ငွေကျပ် ၂ ဒဿမ ၂ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၉၈ ဦးကို ဒသမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၀ ဒဿမ ၇ သန်းကို ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက် ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )