ကော့‌‌သောင်းမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးဆောင်ရွက်

ကော့သောင်း ဩဂုတ် ၈

ကော့‌‌သောင်းမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအ‌ဝေးခန်းမ၌ ယ‌မန်နေ့မွန်းလွဲပိုင်းက  ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့ ကော့သောင်းမြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးတွင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က “ကလေးသူငယ် အခွင့်အရေးများနဲ့ပတ်သက်သည့် အခွင့်အရေးများကို ကလေးသူငယ်များ အပြည့်အဝခံစားနိုင်ရန်အတွက် ကာကွယ်စောင့်ရှောက်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့အား ဆက်စပ်ဌာနဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း၊ နယ်စပ်ဒေသမြို့ ဖြစ်သည့်အတွက် လူမျိုးပေါင်းစုံ လာရောက်အလုပ်လုပ်ကိုင်လျက်ရှိ‌သောကြောင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု၊ လူကုန်ကူးခံရမှု၊ သက်ငယ်မုဒိမ်းကျူးလွန်ခံရမှုများမဖြစ်စေရန် သတိထားရမည်ဖြစ်ပါကြောင်း၊ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သဖြင့် စာသင်ကျောင်း၊ ရပ်ကွက်/ကျေးရွာနှင့် မိဘအုပ်ထိန်းသူများကိုလည်း အသိပညာပေး ဆောင်ရွက်စေလိုကြောင်း၊ ထို့အပြင် ကလေးများ၏ ပညာရေး၊ ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဥပဒေဖြင့် အကာအကွယ်ပေးရေးတို့အတွက် ကဏ္ဍပေါင်းစုံမှ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်” အမှာစကားပြောကြားခဲ့သည်။ယင်းနောက် ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများ၊ (၂၀၂၃-၂၀၂၄)၊ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်များအတွင်း လုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ ကော်မတီနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များညှိနှိုင်း သတ်မှတ်ခဲ့ကြပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)