မင်းဘူး ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ လမ်းပန်းဆက်သွယ်ရေးဝန်းကြီး ဦးအောင်သူဦးတို့နှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ခွန်းအားဖြစ်စေမည့် အားပေးစကားများနှင့် လူငယ်များ အသိဉာဏ်ပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ ရေးသားမှတ်သားသည့် အလေ့အကျင့်ကောင်းများရရှိစေရေးရန် ကျောင်းစာကြည်တိုက်များကို အကျိုးရှိစွာ အသုံးချစေရေး အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မကွေးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းကို မိတ်ဆက်ရှင်းလင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးခြင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်နှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရေးအကြောင်းအရာများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားဆိုင်ရာဥပဒေသိမှတ်ဖွယ်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနက လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ အားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် နိုင်ငံ့သားကောင်းများပီသစေရေးအကြောင်းအရာများ၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတဉာဏ်စမ်းမေးခွန်းများကို မေးမြန်းကာ မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး မင်းဘူးမြို့ အ.ထ.က(၂) ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ စာအုပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစာအုပ်များနှင့် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)